“အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၃” သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန- Myanmar Arbitration Centre- MAC သည် အနုညာတစီရင်ဆုံး ဖြတ်ခြင်း ဥပဒေပါအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ခုံသမာဓိ (Arbitrator) များ ပေါ်ထွက်လာစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ၌ “အနုညာခုံသမာဓိသင်တန်းအပတ်စဉ်-၃” သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် က အဖွင့်အမှာစကား ပြောကြားခဲ့ရာ အနုညာတခုံသမာဓိသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသော အကြံပေးပုဂ္ဂိုလ်များ၊ MAC ဒါရိုက်တာအဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့်အခါတွင် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းကြရာ၌ ယခုအခါအနုညာတနည်းဖြင့် ဖြေရှင်းကြသည့်အတွက် ခုံသမာဓိ (Arbitrator) များလိုအပ်လျက်ရှိပါကြောင်း၊ ယခုအပတ်စဉ်-၃ သင်တန်းဆင်းပွဲနှင့် ရှေ့အပတ်စဉ် (၂) ခုတို့မှ သင်တန်းဆင်းများအပါအဝင် သင်တန်းဆင်းဦးရေ (၁၅၀) ခန့်ရှိပြီဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့်လည်း မိမိတတ်မြောက်သည့် ခုံသမာဓိပညာရပ်ဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ် ကိုင်နေသူများကိုလည်း အကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ယနေ့သင် တန်းဆင်းပွဲကို အတွင်းဝန်ရုံးများ၌ ကျင်းပရခြင်းသည် နှစ်ပေါင်း (၁၀၀) ကျော်တည်ရှိနေသည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦတွင် (၁၇) ရာစုကတည်းက စတင်ပေါ်ပေါက်ခဲ့သော အနုညာတဥပဒေတို့၏ အချိန်ကာလကို အမှတ်တရရှိစေနိုင်ရန် ရွေးချယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ခုံသမာဓိဖြေရှင်းခြင်း၏ အနှစ်သာရနှင့် လိုက်နာဆောင်ရွက်သူတို့၏ ကျွမ်းကျင်လိမ္မာမှုများကို သိရှိနိုင်စေရန် သင်ကြားပို့ချပေးခဲ့ကြောင်း၊ ခုံသမာဓိသင်တန်းဆင်းပြီးသော်လည်း အရည်အချင်းပြည့်ဝသည့် ခုံသမာဓိပညာရှင်အဖြစ်သို့ ရောက်ရှိစေရန် ကြိုးစားအားထုတ်သင့်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာ အနုညာတခုံသမာဓိသင်တန်း၌ သင်ကြားပို့ချပေးခဲ့သော ဆရာ/ဆရာမများထံမှ အတွေ့အကြုံဗဟုသုတများရရှိပါကြောင်း၊ သင်တန်းသားအချင်းချင်း ဗဟုသုတများမျှဝေခဲ့ရသဖြင့် အသိပညာများလည်းရရှိခဲ့ပါကြောင်း၊ သင်တန်းတွင် အတူတကွ တက်ရောက်ခဲ့ကြသူများ၏ နွေးထွေးပျူငှာမှုများကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သင်တန်းပို့ချပေးခဲ့ကြသော ဆရာ/ဆရာများ၊ အပတ်စဉ်- ၃ သင်တန်း/သူများ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက် ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Back