ဖေဖော်ဝါရီ ၆ ရန်ကုန်၊ ကုန်သည်စက်မှုအသင်းချုပ်
ဖိုရမ်ကို နေပြည်တော်တွင် ဖေဖော်ဝါရီ (၄-၅) ရက်နှင့် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ (၆) ရက် စုစုပေါင်း (၃) ရက် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို GEGG မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ဖိုရမ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် “ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ Green Economy ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့တိုင်းဒေသကြီးမှာ ရည်မှန်းချက် (၄) ရပ်ချပြီး ကြိုးစားနေပါတယ်။ ပထမက မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဒုတိယက စိမ်းလန်းဖို့၊ တတိယက နေချင်စဖွယ်မြို့တော်တစ်ခုဖြစ်လာဖို့နဲ့ စတုတ္ထက စီးပွားရေးမြို့တော်ကြီးဖြစ်လာဖို့ ဖြစ်ပါတယ်။ နိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူတွေ များစွာရှိပါတယ်။ ဒီများစွာထဲကနေ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝ၊ ရေမြေ၊ ကျွန်တော်တို့မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေတွေ၊ ကျွန်တော်တို့မြို့ရဲ့ စိမ်းလန်းစိုပြေမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် စီးပွားရေးပုံစံမျိုးကို ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ် ဆောင်ရွက်နေတာတွေရှိပါတယ်။ ကျွန်တော်တို့ဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း ပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်ဘဲ တာဝန်ယူတာဝန်ခံနိုင်တဲ့ လုပ်ငန်းတွေကို ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဖိုရမ်ကနေ ရင်းနှီးမြှုပ်နှံသူတွေ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စားသူတွေအတွက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ထောက်ပြဆွေးနွေးနိုင်မှုတွေကနေ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်မယ်၊ ကျွန်တော်တိုနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေ အတွက်လည်း အထောက်အကူဖြစ်မယ်၊ ဒီဖိုရမ်ကနေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာကနေ များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ “GEGG Myanmar က အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသွင်ကူးပြောင်းရန် အရေးတကြီးလိုအပ်နေမှုအပေါ် ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူများထံကို အသိအမြင်မြင့်မားစေရန် ယခုလိုအသိပညာပေးခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် အလေးအနက်ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန် နည်းလမ်းတစ်ခုမှာ ရေရှည်တည်တံ့ခိုင်မြဲသောနည်းပညာ တစ်နည်းအားဖြင့် စိမ်းလန်းသောနည်းပညာအားနဲ့ တန်ပြန်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါမှ ရာသီဥတုပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုတွေရဲ့ ဆိုးကျိုးများကို ဆန့်ကျင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စိမ်းလန်းသော စိုက်ပျိုးရေးကို တည်ဆောက်ခြင်း၊ အစိမ်းရောင် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနဲ့ စက်မှုထုတ်ကုန်များကို ထုတ်လုပ်ခြင်းများကို တုံ့ဆိုင်းမနေဘဲ ယခုပင်လုပ်ဆောင်ရန် လိုအပ်ပါတယ်” ဟု နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ဖိုရမ်ကို ဆောက်လုပ်ရေး၊ အခြေခံအဆောက်အုံနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မြေယာ စီမံခန့်ခွဲရေး၊ သဘာဝ သံယံဇာတများကို ထိန်းသိမ်းရေး၊ စွမ်းအင်အသုံးပြုရေး စသည်တို့တွင် သဘာဝသံယံဇာတ၊ သစ်တော၊ သစ်ပင်နှင့် တောရိုင်းတရိစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူနေမှုဘဝများကို ပျက်စီးဆုံးရှုံးမှုများမရှိစေဘဲ အစိမ်းရောင်လုပ်ငန်းစဉ်များ၊ စနစ်တကျစီမံခန့်ခွဲမှုနည်းလမ်းများနှင့် နည်းပညာများတီထွင်ဖန်တီးခြင်းတို့ဖြင့် ရေရှည် တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် ကဏ္ဍအလိုက် သက်ဆိုင်ရာ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးမှုများ၊ ရှင်းလင်းတင်ပြချက်များဖြင့် ကျင်းပခဲ့သည်။ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မူဘောင်များကို အခြေခံပြီး မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နောက်ထပ်ဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ရှင်းလင်း ဆွေးနွေးခြင်းများ ပါဝင်ခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် ၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သောအသိပေး ကြေညာချက်အား ဖော်ပြအပ်ပါသည်။
UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန် - မူပိုင်ခွင့်ဥပဒေများဆိုင်ရာ သိကောင်းစရာများ
UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန်- ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ သိကောင်းစရာများ
စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့် ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ
အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသိပေးကြေညာချက်